ကောင်မလေးရေ
မင်းဟာပိတောက်ပန်းတစ်ပွင့်ဆိုရင်
ငါဟာ ဥသြငှက်တစ်ကောင်ဖြစ်တယ်။
လူမြင်သူမြင်မခံဝံ့လောက်အောင်အကျည်းတန်လို့
လျှောက်ပြန်သံပေးရုံနဲ့ကျေနပ်
မင်းမျက်နှာလေးခိုးကြည့်ရင်းနေတတ်ခဲ့တာကြာပေါ့။
ကောင်မလေးရေ
အပေါင်းသင်းတွေက ငါ့ကိုဟားတိုက်ကြရဲ့
ငါဖွဲ့တဲ့ကဗျာတိုင်းမှာ မင်းပါလို့။
ငါ့ရဲ့ကဗျာလေးကိုမင်းဖတ်ပါ
(ငါ့အပေါ်) မင်းချစ်တတ်လာအောင်မရည်ရွယ်ဘူး
ငါသာ..မင်းကိုအရူးအမူးချစ်နေချင်လို့။
ကောင်မလေးရေ
ငါ့အိမ်မက်တွေထဲ အလည်လာတဲ့အခါ
ငါ့ကိုကြင်နာစွာ မဆက်ဆံပါနဲ့...
မင်းလေးအတွက် ငါဟာ
ထာဝရ ကြေကွဲစွာ ခံစားနေချင်လို့။
ငါ့ရဲ့စိုနေတဲ့မျက်ရည်ကို မင်းမမြင်နဲ့။
ငါ့ရဲ့အဖြည့်ခံခြင်းကို မင်းမသိပါနဲ့။
မင်းရှေ့ဆက်ဖို့လမ်းမှာ
ငါ့နှလုံးသားကို ခင်းပြီးထားချင်လို့...။
ကောင်မလေးရေ
ငါ့ကဗျာတွေကို ဖတ်ရတဲ့အခါ
ငါ့ကိုနာကျည်းပါလှည့်...
ငါဟာ..ထာဝရကျဆုံးခြင်းများစွာနဲ့
မင်းကိုအမြဲချစ်နေချင်လို့...။
ကောင်မလေးရေ
မင်းဟာပိတောက်ပန်းတစ်ပွင့်ဆိုရင်
ငါဟာ...ဥသြငှက်တစ်ကောင်ပဲဖြစ်လို့.....။
(ကိုမဲ့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment