Wednesday, September 21, 2011

မပိုင်မဆိုင်ရရင်နေပါစေ....

ကျွန်တော်ချစ်တာတွေ ဖြူသိရင်ကျေနပ်တယ်။

Friday, July 9, 2010

THE END

Saturday, April 3, 2010

ဖြူ




ချစ်လိုက်တာဖြူ
တစ်ခါတုန်းက၊စတင်ဆုံတွေ့
နေ့ကလေးမှ၊ကာလကြာရှည်
ရာသီရွေ့လျား၊နှလုံးသားမှာ
ထာဝရမင်းမူ.....
ကျွန်တော့်အချစ်ရဆုံး ဖြူ...

လွမ်းမိတယ်ဖြူ
တစ်နယ်စီဝေး၊နေ့ရက်လေးများ
ခံစားရူးသွပ်၊ဆွတ်ပျံ့တမ်းတ
ညညနေ့နေ့၊မေ့မရခဲ့
ကဗျာဖွဲ့ ကျွမ်းဆူ.....
အရမ်းလွမ်းတယ် ဖြူ...

ရက်စက်ပါဖြူ
ငြူစူစိမ်းကား၊နေနိုင်အားတယ်
အားငယ်ခိုးငေး၊နေ့ရက်လေးများ
သိမှာလားဖြူ၊ခံစားကြေကွဲ
ဘ၀မွဲမို့.....
ရင်ထဲမြိုသိပ်ချစ်မယ်ဖြူ...။

Thursday, March 25, 2010

ဆန္ဒလေးများ


ဘ၀မှာ
ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင်
မိုးစက်ကလေးဖြစ်ချင်တယ်။
ချစ်သူအေးချမ်းစေဖို့
ချစ်သူတစ်ကိုယ်စာရွာသွန်းဖြိုး
"သတိရခြင်း" ဆိုတဲ့ မိုး ပေါ့...။

ဘ၀မှာ
ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင်
လမင်းကလေးဖြစ်ချင်ပါတယ်။
ချစ်သူကြည်နူးစေဖို့
ချစ်သူတစ်ကိုယ်စာထွန်းလင်း
"တမ်းတခြင်း" ဆိုတဲ့ လမင်း ပေါ့...။


ဘ၀မှာ
ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင်
ကဗျာလေးတစ်ပုဒ်ဖြစ်ချင်ပါတယ်။
ချစ်သူအပျင်းပြေစေဖို့
ချစ်သူတစ်ကိုယ်စာခံစားဖွဲ့ရေး
"အလွမ်း" ဆိုတဲ့ ကဗျာလေးပေါ့...။

ဘ၀မှာ
ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင်
နှင်းဆီပန်းကလေးဖြစ်ချင်ပါတယ်။
ချစ်သူလှစေဖို့
ချစ်သူတစ်ကိုယ်စာပွင့်လန်း
"အချစ်" ဆိုတဲ့ နှင်းဆီပန်း ကလေးပေါ့...။

(အရင်က တင်ဖူးပြီးသား ကဗျာလေးတစ်ပုဒ်ပါ
ပြန်လည်ခံစားခြင်းအနေနဲ့ ဖတ်ပေးကြပါခင်ဗျာ့.. )

Wednesday, March 24, 2010

ဖြူ


ဖြူ
ကြင်နာပါ
အိမ်မက်တွေထဲမှာဖြစ်ဖြစ်
ဖြူ့ရက်စက်မှုတွေနဲ့အသားကျ
ပျော်နေရတဲ့ ဘ၀လေးမို့...

ဖြူ
ဖေးမပါ

တကယ်မဖြစ်နိုင်မှန်းသိပါလျက်
ဖြူ့ရဲ့အကြည့်တစ်ချက်ကိုတောင့်တ
မျှော်နေရတဲ့ဘ၀လေးမို့...

ဖြူ
နွေးထွေးပါ

ဝေးနေရတဲ့အခိုက်အတန့်မှာ
ကျွန်တော်ဖုန်းဆက်ပါရစေ..
ဖြူ့ပြတ်သားမှုတွေအောက်
သိမ်ငယ်စွာဒူးထောက်အရှုံးပေး
ကြေကွဲဆွေးမြေ့တမ်းတ
လွမ်းနေရတဲ့ဘ၀လေးမို့...

ဖြူ
ရက်စက်ပါ
ကျွန်တော့်ကဗျာတွေ မျက်ရည်လုံးလုံးဖြစ်သွားတဲ့အထိ..
မိနစ်တိုင်း၊စက္ကန့်တိုင်းမှာ

ဖြူ့နာမည်လေးတိုးဖွရေရွတ်
မွတ်သိပ်နေခွင့်လေးပျောက်ဆုံးချိန်ထိ
ဖြူ့ကိုအရမ်းချစ်နေမိလို့.....။

Saturday, March 20, 2010

ဖြူ

ဖြူ
နေ့နေ့ညညလွမ်း
တမ်းတမ်းတတ ချစ်
နှစ်နှစ်ကာကာ မြတ်နိုး
ရိုးရိုးသားသား ချစ်မိတယ်...ဖြူ....

Friday, December 18, 2009

ရက်စွဲမဲ့ ဒိုင်ယာရီ

မျှော်လင့်နေတုန်း
အချိန်တွေ ကုန်ဆုံးခဲ့တာမသိ
အရွယ်လွန် သုံးဆယ်ကျော်တဲ့အထိ...

သူ့ကိုချစ်ခဲ့မိတဲ့အချစ်
အကြောင်းပြချက် မရှိခဲ့သလို....
သူ့ကိုမမေ့နိုင်သေးတဲ့အဖြစ်
ဖွင့်ပြောခွင့်လဲ မရှိခဲ့ပါ....

ဆုံဆည်းနိုင်ခွင့်ဟာ...
ကိုယ့်ရဲ့နေ့စဉ်အိပ်မက်တွေပေါ့
အခုတော့.....
အဝေးဆုံးတစ်နေရာမှာ
သူမသိတဲ့...တမ်းတခြင်းများစွာနဲ့....

အရွယ်လွန် သုံးဆယ်ကျော်လာတဲ့အထိ
အချိန်တွေ ကုန်ဆုံးခဲ့တာမသိ
ကိုယ်မှာတော့...မျှော်လင့်မိနေတုန်း
.................အချစ်ရဆုံးရယ်။