#အလွမ်းတွေသွန်မှောက်ကျထားတဲ့ ပင်လယ်
ကြယ်တွေလဲ မျက်တောင်တဖျတ်ဖျတ် ခတ်လို့
အိပ်မက်ကိုအဆုံးသတ်လိုက်ဖို့ဆိုတာ...
အပြောလွယ်သလောက် အလုပ်ခက်တယ်ကောင်မလေးရဲ့...
#တွေ့ရင်ပြောဖို့စီကုံးထားတဲ့စကားလုံးတွေလဲ
လှောင်ရယ်သံတွေထဲ တစ်စစီပြတ်ထွက်သွားတဲ့ စံပယ်ကုံးလေးလို
အခွင့်သင့်ရင်ပေးဖို့ရေးထားတဲ့ ကဗျာတွေလဲ
သိမ်းဆည်းထားရတာ ခရေပန်းလေးတွေလို နွမ်းကြေနေပြီ...
#ကြယ်တွေဟာ ငိုတတ်တယ်ဆိုရင်
ကြယ်တွေရဲ့မျက်ရည်နဲ့ပင်လယ်ဟာ..
ငါ့ရဲ့တစ်ဘ၀စာအလွမ်းတွေပဲပေါ့ ကောင်မလေး
မင်းနဲ့ဝေးဖို့စိတ်ကူးလိုက်တိုင်း
ငါ့ ပင်လယ်ပြင်မှာ..လှိုင်းထန်တယ်...
#ကောင်းကင်လိုမြင့်မားတဲ့ ဘ၀တစ်ခုကို
ငါ..ဘယ်လိုနည်းနဲ့မျှော်လင့်ရဲမှာလဲ
ငါ့ပင်လယ်ထဲ အရိပ်လာထင်နေရုံနဲ့တင်
ငါဟာပျော်ရွှင်နေရသူပါ...ကောင်မလေး...
#ငါ့ရင်ကို ငါကိုယ်တိုင်ခွဲပြီး
ငါ့အသည်းကို ကျောက်သားတွေနဲ့မွမ်းမံလိုက်တယ်...
စံပယ်ကုံးလေး..မင်းကောက်ယူပါစေကွယ်..
နွမ်းခြောက်နေတဲ့..ခရေပန်းလေးလဲ မင်းမွှေးကြူပါစေကွယ်...
ကောင်မလေးရယ်...
ငါဟာ..........အလွမ်းတွေနဲ့...ပင်လယ်။
Subscribe to:
Post Comments (Atom)
ကောင်းလိုက်တဲ့ကဗျာလေး..စာတွေထက်စာရင်တခါတလေ ကဗျာကိုပိုကြိုက်တယ်
ReplyDeleteဒီကဗျာလေးတော်တော်ကောင်း
တကယ်ကောင်းတဲ့ ကဗျာ...လေးပဲဗျာ...
ReplyDeleteကောင်းကင်လိုမြင့်မားတဲ့ ဘ၀တစ်ခုကို
ငါ..ဘယ်လိုနည်းနဲ့မျှော်လင့်ရဲမှာလဲ
ငါ့ပင်လယ်ထဲ အရိပ်လာထင်နေရုံနဲ့တင်
ငါဟာပျော်ရွှင်နေရသူပါ...ကောင်မလေး...
အဲဒီစာသား...အဲဒီစာသားပေါ့... ရင်ကိုထိသွားတာ...